ဓားတောင်နှင့်မီးပင်လယ်ဖြင့် ရှေးသူရဲကောင်းကို ချီးမွမ်းဂုဏ်ပြု

စာရေးသူ:ကျွန်ုပ်တို့ဝက်ဆိုက်မှ မူပိုင်ဖန်တီးထား လာရောက်ဖတ်ရှုသောအကြိမ်ရေ:  ဝေဖန:()
အုပ် ဓားတောင်နှင့်မီးပင်လယ်ဖြင့် ရှေးသူရဲကောင်းကို ချီး...

            ထိန်ချူန်း တိုင်းရင်းသားလူနည်းစုများတွင် လီဆူးလူမျိုးသည် ထူးခြားမှုအရှိဆုံးဖြစ်သည်။ သူတို့သည် ကြိုးစားပြီး ရဲရင့်သည်။ သီချင်းဆိုနိုင် ကနိုင်သည်။ ဓားတိုင်တက်ပွဲသည် လူဆူးလူမျိုး၏ အရပ်ထဲတွင် အကြီးမားဆုံးပွဲတော်ကြီးဖြစ်သည်။ မင် မင်းဆက် ကျိန့်ထို ခေတ်က ယူနန်အနောက်ဘက်ကို လူမျိုးခြားက မကြာခဏလာရောက်နှောက်ယှက် ကျူးကျော်သည်။ နိုင်ငံတော်က ကာကွယ်ရေးဝန်ကြီးချုပ် ဝမ်ရိ ကို စစ်တပ်ဦးအားဦးဆောင်ပြီး လာရောက်ကျူးကျော်သော ရန်သူကို တိုက်ခိုက်စေသည်။ ဝန်ကြီးဝမ်သည်ပြည်သူများကို ဦးဆောင်၍ နိုင်ငံ့နယ်နိမိတ်ကို ကာကွယ်၊ နယ်စပ်ဝင်ထွက်ဂိတ်များကို တည်ထောင်ခဲ့ပြီး ကုန်းတွင်းပိုင်းမှ ခေတ်မီသော ထုတ်လုပ်မှုနည်းပညာများကို ဒေသခံများအား သင်ကြားပေးခဲ့သည်။ နိုင်ငံတော်နယ်နိမိတ်ကို ကြံ့ခိုင်စေပြီး ပြည်သူများ စီးပွားဖြစ်ထွန်းကြသည်။ လီဆူးလူမျိုး၏ ယုံကြည်လေးစားမှုကို ရရှိခဲ့သည်။ ဝန်ကြီးဝမ်က နေပြည်တော်သို့ ပြန်သွားပြီးနောက် လူယုတ်မာတို့၏ လုပ်ကြံမှုဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်း၏ဝိညဉ်မှာ မိုးပေါ်သို့ တက်ရပြီး မြင်းဖြူစစ်ဗိုလ်” အဖြစ် ချီးမြောက်ခံရသည်။ လီဆူးလူမျိုးများက ၎င်း၏ ရန်သူကို ခုခံပြီး တိုင်းပြည်၏ နယ်စပ်ဒေသကို အေးချမ်းစေခဲ့သော အကျိုးကျေးဇူးကို အောက်မေ့သည့်အနေဖြင့် နှစ်စဉ် တရုတ်ပြက္ခဒိန် ၂လပိုင်း ၈ရက်နေ့တွင် ဓားတိုင်တက်ပွဲ”ကို ကျင်းပခဲ့သည်။ ဓားတောင်ကို တက်ရဲ၊ မီးပင်လယ်ကို ဖြတ်ဝံ့” ဟူသောရဲစွမ်းသတ္တိဖြင့် သူရဲကောင်း၏ ဝိညဉ်ကို ပူဇော်ကန်တော့သည်။ နောင်လာနောက်သားများကို ရှေးမျိုးရိုးစဉ်ဆက်၏ ဂုဏ်ယူဖွယ် ရိုးရာကို ဆက်ခံပြီး ပြင်ပရန်သူကို ခုခံပြီး တိုင်းပြည်ကို ကာကွယ်ရန် အားပေးခြင်းဖြစ်သည်

           နှစ်စဉ် တရုတ်ပြက္ခဒိန် ၂လပိုင်း၇ ရက်နေ့ ညနေပိုင်းတွင် လူဆူးရွာများတွင် ဗုံမောင်းသံများနှင့် ပြောက်အိုးသံများ စည်ညံနေသည်။ လှပခမ်းနားပြီး ငွေထည်တွဲလောင်းများဖြင့် အလှဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသော လီဆူးအမျိုးသမီးများနှင့် ခေါင်းပေါင်းထားပြီး ပခုံးတွင် ဓားရှည်လွယ်ထားသော လီဆူးအမျိုးသားများသည် အရပ်ရှစ်မျက်နှာမှ ဓားတိုင်တက်ကွင်းသို့ ရောက်လာကြသည်။ ဤအချိန်တွင် ကွင်းလယ်လူတစ်ရပ်စာ ထက်မြင့်သော ထင်းပုံကြီးတစ်ပုံ ပုံထားပြီးသား။ မိုးချုပ်လျှင် အမွှေးတိုင်ထွန်းညိသူ သို့မဟုတ် ဤရွာမှ အသက်အကြီးဆုံးသူက ထင်းပုံကြီးကို မီးညိလိုက်သည်။ မီးတောက်များက ကောင်းကင်တစ်ခုလုံးကို နီမြန်းစေသည်။ လူများက ကြိုးသုံးချောင်းပါသော တူရိယာကို စတင်တီးခတ်ကြသည်။ ကထို” ၏ဦးဆောင်မှုဖြင့် မီးပုံကြီးကို ဝိုင်းကာပတ်ကာ သီချင်းဆိုယင်း၊ အက က ယင်း။ မကြာမီ ထင်းမီးပုံကြီးမှာ နီရဲနေသော မီးသွေးပုံကြီးဖြစ်သွားပြီ။ ရွှေရောင်မီးတောက်များ က ခုန်နေသည်။ မီးခိုးနက်များဝေနေသည်။ အပူလိုင်းများ လူကို ရိုက်ခတ်နေသည်။ လူကို ကြည့်ယင်း ကြောက်စိတ်ဝင်စေသည်။ ခေါင်းပေါင်းအနီ ပေါင်းထားသော လီဆူးတိုင်းရင်းသား အမွှေးတိုင်ထွန်းညိသူများက လက်ဟန်ခြေဟန်ဖြင့် မီးကန်ထဲသို့ ခုန်ဝင်ပြီး ရုတ်တရက် အမြင့်သို့ခုန်တက်လိုက်၊ ပြန်ကျလာလိုက်၊ နေရာမှာရပ်ပြီး လည်ပတ်နေလိုက်၊ ကျွမ်းပစ်ကာ အရှေ့သို့လိမ့်သွားလိုက်နှင့် လှုပ်ရှားမှုမှာ ပြတ်သားသပ်ရပ်ပြီး ကြည့်ကောင်းနေသည်။ ခြေထောက်ပလာဖြင့် မြေပေါ်သို့ကျလာလျှင် မီးပွင့်များ ဘေးသို့ကန်ထွက်လာသည်။ တချို့အမွှေးတိုင်ထွန်းညိသူတွေက လက်ဖြင့်မီးခဲများကိုယူပြီး မျက်နှာသစ်သည်။ နီရဲနေသောမီးခဲကို ပါးစပ်ထဲသို့ ထည့်၍ ဝါးမျိုနိုင်သည်။ ပညာမြင့်သူဆိုလျှင် နီရဲအောင်မီးဖုတ်ထားသော သံကြိုးဖြင့် လည်ပင်းကို ပတ်၍ ကျောကုန်းကို တိုက်၊ ခါး၊ ပေါင်တွေမှာ ပတ်နိုင်သည်။ အချိန်အတော်ကြာ လုပ်ဆောင်ပြီးနောက် နီရဲနေသော မီးကန်ကြီးမှာ သူရဲကောင်းများ၏ ခြေထောက်ဖြင့် လွင့်ပျောက်သွားမတက် နင်းချေခံရပြီးဖြစ်သည်။ ၎င်းတို့၏ခြေထောက်မှာ မီးပူလောင်ခံရသော အစအနတောင် မတွေ့ရ။ တစ်ကိုယ်လုံးမှာလည်း ဘာဒဏ်ရာမှမရှိ။ လူကို မည်သို့စဉ်းစားစေကာမူ သဘောမပေါက်နိုင် အောင်ဖြစ်နေသည်။ ဖြစ်ရပ်မြင်ကွင်းတစ်ခုလုံး ကျောက်ခမန်းလိလိ၊ သည်းထိတ် ရင်ဖို၊အံ့သြမဆုံး ဖြစ်နေသည်။

          ဤအချိန်တွင် မီးပုံဘေးတွင် ဝိုင်းကြည့်နေသော လီဆူးတိုင်းရင်းသားထုက သက်ကြီးသက်ငယ်၊ ယောက်ျားမိန်းမ မရွေး နောက်တခါ အလိုအလျှောက် ပြန်ဝိုင်းလာကြပြီး ကထို၏ ဦးဆောင်မှုအောက်တွင် စိတ်တူ အရက်တစ်ခွက်သောက်ကာ လူဆူးသီချင်းကို အော်ဆိုကြသည်။ ကြိုးသုံးချောင်းသံစဉ် အကကို က ကြသည်။ လီဆူးရွာများတွင် လူတိုင်းနီးပါးဆိုတတ် ကတတ်ကြသည်။ ပါးစပ်တွင် သီချင်းမပြတ် လက်တွင် တူရိယာမပြတ်။ လီဆူးအရပ်အကမှာ က” ကခြင်းနှင့် ကြိုးသုံးချောင်းသံစဉ် ကခြင်း ဟူ၍နှစ်မျိုးခွဲထားသည်။ က” ပြေးတယ်ဆိုတာ သီချင်းနှင့်အက ပေါင်းစပ်ထားသော အနုပညာတစ်မျိုးဖြစ်သည်။ကထို(ခေါင်းဆောင်) မှ ဦးဆောင်ပြီးက၊ ဦးဆောင်ပြီး ဆို၊ ဆိုယင်း က ယင်း။ တူရိယာ မရှိပါ။ သီချင်းစာသားမှာ များသောအားဖြင့် ဘိုးဘွားလက်ထက်မှ ဆင်းသက်လာသော၊ အထူးအဓိပ္ပာယ်ဆောင်သော သရုပ်ဖော် ကဗျာရှည်ဖြစ်သည်။ ကြိုးသုံးချောင်းအကကို ရှောင်စန်းရှန် တူရိယာဖြင့် အဓိကတွဲဖက်သည်။ အခြားတူရိယာမှာ ဝါးပလွေ၊ ပါကြာ၊ ကျယ်လဲ့ စသည်တို့ဖြစ်သည်။ ကသောအဖွဲ့၏ အနေအထားသည် အလျားလိုက်တန်းစီပြီး၊ ဒေါင်လိုက်တန်းစီပြီး၊ ဝိုင်းကြီးဝိုင်းပြီး က နိုင်သည်။ ပွဲတော်အခမ်းအနားများတွင် ရွာများမှ သက်ကြီးသက်ငယ်၊ မိန်းမယောက်ျား အားလုံး ရေချိုးပြီး ဝတ်ကောင်းစားလှများဖြင့် ကကြသည်။ များသောအားဖြင့် အရက်သောက်ပြီး ကတတ်ကြသည်။ ချွေးတလုံးလုံးထွက်၊ မောပန်းနေမှ ရပ်တန့်ကြသည်။ တခါတရံတွင် မိုးလင်းပေါက်သွားတတ်သည်။ ကြိုးသုံးချောင်းအကသည် အင်အားပြည့်သည်။ ပေါ့ပါးပြီး ပြောင်းလဲမှုများသည်။ တက်ကြွပြီး လေးနက်တည်ကြည်ပြန်သည်။ ထင်ရှားသော တိုင်းရင်းသားထူးခြားမှုများ ပါဝင်သည်။

          တရုတ်ပြက္ခဒိန်၂လပိုင်း ၈ရက်နေ့။ ယောက်ျားများက ဓားတိုင်တက်ကွင်းတွင် မီတာ၂၀ကျော်မြင့်သော ဓားတိုင်ကို ထောင်လိုက်သည်။ ဓားတိုင်တွင် ဖြူဖွေးဝင်းလက်နေသော စတီးဓား ၇၂ ကို ခိုင်ခိုင်မာမာချည်ထားသည်။ ဓားလက်ကိုင်ကို ဘယ်ညာဘက်သို့ထားပြီး ဓားသွားအားလုံးမှာ အပေါ်သို့ မျက်နှာမူနေသည်။ ဓားလက်ကိုင်တွင် နီ၊ စိမ်း၊ ဖြူ၊ ဝါ၊ ပြာ အရောင်၅ရောင်ရှိသော စက္ကူပန်းကို ချည်ထားသည်။ ပန်းပွင့်တိုင်း၏အောက်တွင်ဂါထာ ဆွဲထားသော ကျာမာစက္ကူ တစ်ရွက်ရှိသည်။ မီးပင်လယ်တွင် ရေချိုးခဲ့သော အမွှေးတိုင်ထွန်းညိသူများက ဓားတိုင်အောက်သို့ ရောက်လာပြီး နတ်ဂနားကခြင်း၊ အမွှေးတိုင်ထွန်းညှိပူဇော်ခြင်း စသောအခမ်းအနားများပြုလုပ်ပြီးလျှင် လီဆူးမိန်းမပျို ကမ်းပေးသောဆန်အရက်ကို လက်နှစ်ဘက်ဖြင့်ယူကာ တဝက်သောက်ပြီး ကျန်တဝက်ကို မြေကြီးသို့သွန်ချပြီး “မြင်းဖြူစစ်ဗိုလ်”ကို ပသသည်။ ပရိတ်သတ်များကို ဓားရှည်ထက်ကြောင်းသက်သေပြရန် တက်မနင်းခင် ပိတ်စဖြင့် ဓားကိုအလျင် စစ်ရသေးသည်။ အမွှေးတိုင်ထွန်းညိသူတို့က ပရိတ်သတ်များ စစ်ဆေးရန် ခြေလက်များကိုလည်းပြရသေးသည်။

 

          ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်သော ပြောက်အိုးသံနှင့်တကွ အမွှေးတိုင်ထွန်းညိသူများက ခြေလက်ပလာဖြင့် မည်သည့်အာမခံချက်မျှမရှိသော အခြေအနေအောက်တွင် ဓားတိုင်ကို တက်သည်။ သူတို့ အားလုံး သွက်လက်စွာလှုပ်ရှားပြီး ကိုယ်လုံးမှာ ဇင်ယော်တစ်ကောင်လိုပေါ့ပါးနေသည်။ ပညာမြင့်ပြီး ပိုင်ပိုင်နိုင်နိုင်ရှိနေသည်။ လူတိုင်းက တည်ငြိမ်နေပြီး လက်နှစ်ဘက်က ဓားကိုကိုင် ခြေနှစ်ဘက်က ဓားကိုနင်း။ ဓားသွားကို ခြေထောက်ပလာဖြင့် အံတုသည်။ သူတို့တစ်ယောက်ပြီး တစ်ယောက်တက်သည်။ တိုင်ထိတ်သို့ရောက်လျှင် လူတိုင်းက နတ်ကို ဆောင်မရန်ဆုတောင်းသော ဂါထာလေးခွန်းကို ရွတ်ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးဘက်သို့ အကောင်းအဆိုးကြိုတင်ခန့်မှန်းသော အလံများကို ပစ်ရသည်။ အမွှေးတိုင်ထွန်းညိသူတချို့ဆို အန္တရာယ်ပိုများသော အကွက်တွေ လုပ်ပြရသေးသည်။ လက်နှစ်ဘက်က တိုင်ထိတ်ကို မြဲမြဲကိုင်ထားပြီး ခြေထောက်နှစ်ဘက်ကို ကွေးပြီး အပေါ်သို့ ပြောင်းပြန်လှည့်ပြီး ကင်းမြီးကောက်ထောင်သည်။ လှပတောင့်တင်းသောခန္ဓာကိုယ် အနေအထားမှာ တောင်ပံဆန့်နေသောလင်းယုန်ငှက်ကြီး၊ ပျံသန်းနေသော နဂါးပမာ ကြည့်ရတဲ့သူက ရင်ခုန်စိတ်လှုပ်ရှားနေရပြီး မျက်စိကမကြည့်ရဲ။ ဓားတိုင်ကိုတက်ခြင်းသည် ခန္ဓာကိုယ်နှင့် ဓားသွားတို့၏ ယှဉ်ပြိုင်မှုဖြစ်သည်။ ရဲစွမ်းသတ္တိနှင့် အန္တရာယ်အဟန့်အတား တို့၏ ယှဉ်ပြိုင်မှုဖြစ်သည်။ လျှိုဝှက် သိုင်းပညာကို ပြသခြင်းလည်း ဖြစ်သည်။ လူ့ခန္ဓာကိုယ် စွမ်းဆောင်နိုင်မ၏ှု အဆုံးကို စိန်ခေါ်ခြင်းဖြစ်သည်။

 

          အဓိက လှုပ်ရှားမှုဖြစ်စဉ်ကို “ဓားတောင်ကိုတက်၊ မီးပင်လယ်ကိုဖြတ်” ခြင်း အဖြစ် ထားသော ဓားတိုင်တက်ပွဲသည် လီဆူးလူမျိုး၏ ကြိုးစားရိုးသား၊ ရဲရင့်ခေါင်းမာ၊ စွန့်စားတိုးတက်သော တန်ဖိုးကြီးတိုင်းရင်းသား စိတ်ဓာတ်ကို ဖော်ပြနိုင်သည်။ ကျုံးဟွာ(တရုတ်)လူမျိုးများက အင်အားကြီးသောကျူးကျော်သူကို မကြောက်ဘဲ နိုင်ငံတော်လုံခြုံရေးနှင့် လူမျိုးသိက္ခာကို သက်စွန့်ကာကွယ်ပြီး ဓားတောင်ကိုတက်ရဲ၊ မီးတောင်ကိုဖြတ်ရဲတဲ့ သူရဲကောင်းစိတ်ဓာတ် ကို ပြသခဲ့သည်။

 

 

 

 

အပေါ်သို့ပို့

အောက်ချနင်း

အွန်လိုင်းမိတ်ဆွေ၏ဝေဖန်စာ

ဝေဖန်စာ၏စာသား:
【အွန်လိုင်းမိတ်ဆွေများ၏ ဝေဖန်မှုသည် ၎င်း၏ကိုယ်ပိုင်အမြင်ကို ဖော်ပြခြင်းသာဖြစ်သည်။ကျွန်ုပ် တို့ဝက်ဆိုက်မှ ၎င်း၏အမြင်ကိုသဘောတူခြင်း၊ ၎င်းပြောဆိုသည်များကို သက်သေလုပ်ပေးနေခြင်း မဟုတ်ပါ။】